Valentine

လူသားတိုင်း စိတ်ဝင်စားကြတဲ့ အချစ်နဲ့ပတ်သတ်ဆက်နွယ်နေသူတစ်ယောက် (ဒါမှမဟုတ်) အများအပြား ရှိနေကြပါလိမ့်မယ် …ဒါပေမယ့် ခုအချိန်ထိ အားလုံးသိထားသူတစ်ယောက် … သူကတော့“ချစ်သူများနေ့”ဆိုတဲ့ နေ့ကလေးကို ဖန်တီးထူထောင်ခဲ့တဲ့ သူလဲဖြစ်ပါတယ် …

လူတိုင်း စိတ်ဝင်စားပါတယ်ဆိုတဲ့ သူ့အကြောင်းကို နှစ်၊ လတွေပြောင်းလဲလာတာနဲ့အမျှ တင်စားပြောဆိုတဲ့ ဒဏ္ဍာရီတွေပါ ပြောင်းလဲလာခဲ့ပါတယ် …စကားလုံး ရွေ့လျားမှုတွေနောက်မှာ သူ့သမိုင်းဟာလဲ ပွားများလာခဲ့ပါရဲ့ …ဘာပဲဖြစ်ဖြစ် ချစ်သူတွေ၊ ချစ်ခဲ့သူတွေ၊ အချစ်ခံခဲ့ရသူတွေအားလုံးအားလုံးကတော့ သူ့ကို လေးစားကြတယ် … သူ့ကို နားလည်ကြတယ် …သူ့ကိုချစ်ခင်ကြတယ် … သူ့အကြောင်းတွေ သိချင်ကြပါတယ် …

ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုးနဲ့ နားလည်ရခက်တဲ့ Valentine’sDayအကြောင်း ပြန်ပြောင်းပြောပြရမယ်ဆိုရင် သူတော်စင် အကြီးအကဲစိန့်ဗယ်လင်တိုင်း (St. Valentine)ရဲ့ ရောထွေးတိမ်မြုပ်နေတဲ့ သမိုင်းကိုပဟေဠိတွေ ကြားထဲကနေ အစပြန်ဖော်ပေးဖို့ လိုပါလိမ့်မယ် … ယေဘုယျအားဖြင့်တော့ဖေဖော်ဝါရီလဆိုတာ အချစ်ရည်၊ အချစ်သွေးတို့ လွှမ်းခြုံနေပြီးချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ ပြယုဂ်ကာလလို့ သိထားလေ့ ရှိကြပါတယ် …ဒီနေ့ခေတ်မှာ လူတွေနားလည်ထားတဲ့ St. Valentine’s Day နေ့ထူးနေ့မြတ်ကြီးဟာရှေးခေတ် ရောမရိုးရာနဲ့ ခရစ်ယာန် ဘာသာအတွက် အလေးအမြတ် ပြုရတဲ့ အထိမ်းအမှတ်နေ့တစ်နေ့လည်း ဖြစ်ခဲ့ပါတယ်။

ဒဏ္ဍာရီ (၁)

ဒီနေ့ခေတ်မှာ ကတ်သိုလစ် ဘုရားကျောင်းတွေကသိနားလည်ထားကြတာကတော့ Valentineလို့ အမည်တွင်ခဲ့တဲ့ သူတော်စင် (၃)ပါးရှိခဲ့ပါတယ်တဲ့။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတဲ့ ဇာတ်လမ်းအရ Valentineဆိုတာ(၃)ရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီးအဲဒီဘုန်းတော်ကြီးဟာ ကလောဒီးယပ်စ်(၂) ဘုရင်လက်ထက်မှာ သက်ရှိထင်ရှားရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ဆိုပါတယ်။ ဘုရင်ကလောဒီးယတ်စ်ဟာတိုင်းပြည်မှာရှိတဲ့ အိမ်ထောင်သည်တွေကို စစ်တပ်အတွက် မရွေးချယ်ဘဲလူပျိုလူလွတ်တွေကို စစ်မှုထမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ တိုင်းပြည်ကလူပျိုတွေခမျာ သူတို့ရဲ့ ချစ်သူကြင်သူတွေနဲ့ ဝေးကွာရတဲ့ စိတ်ဒုက္ခကိုခံစားနေခဲ့ရရှာတယ်။ ဘုရင်ကလဲ လူပျိုတွေ အိမ်ထောင်မပြုရဘူးလို့အမိန့်ထုတ်ထားတာကိုး။ လူငယ်တွေရဲ့ သနားစရာအဖြစ်ကို မြင်တွေ့ရတဲ့ သူတော်စင်Valentineဟာ ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာချပြီး ဥပဒေ အပြင်ဘက်ကနေစစ်မှုထမ်းသူ လူငယ်လေးတွေကို သူတို့ရဲ့ ချစ်သူတွေနဲ့ တိတ်တဆိတ်လက်ထပ်ပေးခဲ့ပါတယ်။ ဘုန်းတော်ကြီးရဲ့ လုပ်ရပ်ကို သိသွားတဲ့အခါဘုရင်ကလောဒီးယတ်စ်တစ်ယောက် ဒေါသပေါက်ကွဲပြီး Valentineကိုသေဒဏ်ချမှတ်ခဲ့ပါတော့တယ်။

ဒဏ္ဍာရီ (၂)

နောက်ထပ် ရာဇ၀င်တစ်ခုကတော့ သူတော်စင် Valentineဟာအကျဉ်းခံရသူတွေထဲမှာ အပါအ၀င် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့အကျဉ်းသား Valentineဟာ သူ့ဆီကို မကြာခဏ အလည်လာတွေ့တဲ့ ထောင်မှူးသမီးနဲ့ချစ်ကြိုးသွယ်မိခဲ့တယ်။ ထောင်ထဲမှာ သူမသေဆုံးခင် စာတစ်စောင်ကိုချစ်သူအတွက် ချန်ထားခဲ့ရာမှာ “From Your Valentine”ဆိုပြီးလက်မှတ်ရေးထိုးခဲ့ပါသတဲ့။ ဒီနေရာမှာ သူရေးခဲ့တဲ့ စာအရေးအသားဟာခုခေတ်ရင်ဖွင့်စာတွေမှာ တွေ့နေရတဲ့ အသုံးအနှုန်းနဲ့ သွားပြီးတူညီနေတာတွေ့ရပါတယ်။ ဒီတော့ ပထမဆုံးသော ချစ်သက်လက်ဆောင်ကို Valentineကပေးပို့ခဲ့တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဒဏ္ဍာရီ (၃)

အလယ်ခေတ်လောက်ကValentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့အင်္ဂလန်နိုင်ငံတွေမှာ တော်တော်လေးခေတ်စားလာခဲ့ပြီး အယူအဆအမျိုးမျိုးလဲဆင့်ပွားပေါ်ပေါက်လာခဲ့ပါတယ်။တချို့ကတော့ St. Valentineဟာ ခေါင်းဖြတ်ပြီးအသတ်ခံရတယ်လို့ယုံကြည်နေကြပြီး နောက်ထပ်လူပြောများတာတစ်ခုက Valentineရဲ့ရုပ်ကြွင်း(ဒါမှမဟုတ်) အရိုးပြာကို အိုင်ယာလန်နိုင်ငံက ဘုန်းတော်ကြီးJohnSprattအတွက် ပုပ်ရဟန်းမင်းကြီး George XVIကလက်ဆောင်အဖြစ်ပေးအပ်ခဲ့တယ်ဆိုတာပါပဲ။ အိုင်ယာလန် ဘုန်းတော်ကြီးဟာတရားဟောအရမ်းကောင်းတဲ့အတွက် ပုပ်ရဟန်းမင်းကြီးက အထင်ကြီးလေးစားမိပါသတဲ့။ဒါကြောင့်လဲ ရွှေကွပ်ထားတဲ့ အနက်ရောင် ကြုတ်ကလေးထဲမှာထည့်ထားတဲ့ သူတော်စင်Valentineရဲ့ အရိုးပြာကို ပေးအပ်လိုက်တယ်လို့သိရပါတယ်။အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့၊ Whitefriarလမ်းက ဘုရားကျောင်းမှာပြသထားတဲ့ အဲဒီကြုတ်ကလေးကို Valentine’s Dayရောက်လာတိုင်းလူတွေကသွားရောက်ကြည့်ရှုလေ့ ရှိကြပါတယ်တဲ့။

No comments:

Post a Comment