ည
ဒီတသက် တို့ မခွဲဘူးတဲ့..
မင်းဘဲ ပြောပြတတ်ခဲတဲ့ ပုံပြင်တွေ
အသက်ရူမှားလောက်ဖူးတဲ့ မင်းရဲ့ အသံလေးတွေ..
အားလုံးပြီးပြည်စုံလောက်တဲ့ အချစ်ဆိုတာ မင်းဆီမှာဘဲ ရှိတယ်တဲ့
.... ... ...
နောက်ဆုံးတော့ ....
လွမ်းတယ်ကွာ လွမ်းလွန်းလို့
အသဲတွေ ကွဲကွာ ကွဲသွားစမ်းပါ.. ကွဲပြီးလို့ တစဆီကောက်
နောက်ဆုံးတော့ မင်းနောက်ဘဲ ရောက်ခဲ့ရပြန်တယ်...
ဆင်ခြင်တုံတရား
လေ့လာမှုနယ်ပယ်တိုင်း သို့မဟုတ် ဘာသာရပ်တိုင်းတွင် အကြောင်းနှင့်အကျိုးတရားဆက်စပ်မှုများရှိပါသည်။ ယင်းကို Cause and Effect ဟု လူသိများကြသည်။သို့သော်လည်း ဖြစ်ရပ်တိုင်းတွင် Cause and Effect နှင့်မပြီးသေးပါ။နောက်ဆက်တွဲဖြစ်လာမည့်အနေအထားများ Consequences နှင့်လည်း ဆက်စပ်လာပါသည်။နောက်ဆက်တွဲအနေအထားမျိုးများကား မည်မျှအထိဖြစ်နိုင်သနည်းဟူမူအခြေအနေအရပ်ရပ်အပေါ် မူတည်နေပါသည်။ လူအတော်များများသည်အကြောင်းနှင့်အကျိုးလောက်သာစဉ်းစားကြသည်။ ဆင်ခြင်တုံတရားရှိသောလူများကားအကြောင်းနှင့်အကျိုးသာမကနောက်ဆက်တွဲဖြစ်လာမည့်အခြေအနေများကိုပါစဉ်းစားပြီးမှချင့်ချင့်ချိန်ချိန်လုပ်ကိုင်တတ်ကြသည်။
Cause and Effect နှင့်Consequences များသည် အလုပ်လုပ်ကိုင်ရာတွင်အများဆုံးတွေ့ရှိရသည့်ပြဿနာများဖြစ်သည်။ အလုပ်လုပ်ရာတွင် များသောအားဖြင့်လူများသည် ခိုင်းသည့်အတိုင်းလုပ်လျှင် တာဝန်ကျေသည်ဟုသတ်မှတ်ကြသည်။ခိုင်းသည့်အတိုင်းဆိုသည့်စကားတွင်ပင် အဓိပ္ပာယ်များစွာပါဝင်ပါသည်။မည်သည့်အရာအား ခိုင်းသည်ကိုလည်းကောင်း၊မည်သည့်ရည်ရွယ်ချက်ဖြင့်ခိုင်းသည်ကိုလည်းကောင်းအခိုင်းခံရသူအနေဖြင့်သိရှိရန်လိုပါသည်။ သို့မဟုတ်ပါကခိုင်းသည့်ရည်ရွယ်ချက်လည်း အထမမြောက်သည့်အပြင်ဆေးအတွက်လေးသည့်သဘောပင်ရောက်သွားနိုင်ပါသည်။
ခိုင်းသည့်အတိုင်းလုပ်ရာတွင် များသောအားဖြင့် အခိုင်းခံရသူများသည်အရည်အချင်းရှိစရာမလို၊ ခိုင်းသည့်အတိုင်းလုပ်လျှင်ပြီးပြီဟူသောအတွေးများအခိုင်းခံရသူများဘက်က ယေဘုယျသဘောမျိုးရှိကြပါသည်။ခိုင်းသည့်အတိုင်းဖြစ်မလာလျှင် ခိုင်းသည့်အတိုင်းလုပ်တာပဲဟူသောဆင်ခြေဖြင့်ခိုင်းသူကိုပင်ပြန်ဒုက္ခပေးတတ်ကြသူများလည်းရှိသည်။ စေသည့်ကျွန်၊ထွန်သည့်နွားသဘောတော့သက်ရောက်သွားတတ်ပါသည်။ ယင်းသည်ခိုင်းသည့်အခြေအနေကိုသာကြည့်၍ လုပ်တတ်ကြခြင်းကြောင့်ဖြစ်သည်။စေခိုင်းသူ၏ရည်ရွယ်ချက်၊ သဘောထားအခြေအနေများကိုပါသိရှိမည်ဆိုပါကလောကကြီးသည် အဟောဝတကောင်းလေစွဖြစ်သွားကြပါသည်။
တစ်နည်းအားဖြင့်စေခိုင်းခံရသူများအနေဖြင့် စေခိုင်းခြင်းသဘော၏အနှစ်သာရကိုဆင်ခြင်သုံးသပ်နိုင်ပြီး နှိုင်းနှိုင်းချိန်ချိန်သုခမိန်ဖြစ်ပါကမူမပြေလည်မည့်လောကကြီးအား ပြေလည်သွားနိုင်သည့်အဖိုးတန် ဥပမာ၊ သာဓကများမြန်မာ့ရာဇဝင်သမိုင်းတွင် အထင်အရှားအများကြီးရှိသည်။ တစ်နည်းအားဖြင့်Cause and Effect လောက်သာမစဉ်းစားဘဲ Consequences ပါဆက်နွှယ်စဉ်းစားတတ်သောအကြောင်းအရာများကိုလည်း ဖော်ညွှန်းသောအချက်ကိုလေ့လာမည်ဆိုပါကပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနသတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှထုတ်ဝေသော မှန်နန်းရာဇဝင်တော်ကြီး၊ ပထမတွဲ၊စာမျက်နှာ၂၉၉ရည်ညွှန်းချက်အရ “တစ်ရံရောအခါ အလောင်းစည်သူသည်ဗိုလ်ရှုသဘင်ခံတော်မူခိုက်တွင် လက်ရုံးတော်ဆန့်၍ကြုံးဝါးတော်မူ၏။လက်တော်ကြီးပြီဖြစ်၍ (လက်တော်ကြီးပြီဖြစ်၍သည် မူရင်းပုံနှိပ်ဖြစ်ပါသည်။သက်တော်ကြီးပြီဖြစ်၍သဘောဟုယူဆရပါသည်။) လက်ပျဉ်းတော်ကျသည်ကိုအမှူးအမတ်တို့မြင်လေသော် ရယ်ခိုးကြ၏” မင်းကြီးလည်း မသိမဟုတ်သိသည်။မင်းကြီး နားလည်သည်။ ယင်းသည် အမတ်များဆင်ခြင်တုံတရားမရှိသောကြောင့်မဆင်မခြင်ဗိုလ်ရှုခံအလယ်တွင် ပြုလုပ်ခြင်းဖြစ်သည်။ မင်းကြီးလည်းမြင်တော်မူသည်။ သို့သော်လည်း စာနာမှုထားပြီး ဆုံးမရန်စီစဉ်တော်မူသည်။တစ်နည်းအားဖြင့် စာနာတတ်ခြင်းသည် အထက်လူကြီးအလုပ်သာဖြစ်လေ့ရှိကြပြီးဆင်ခြင်တတ်ရန်အတွက်သည် အောက်လူတို့၏အလုပ်သာဖြစ်သည်။
ထို့ကြောင့်လည်း တစ်နေ့သ၌ အမတ်တို့ကိုခေါ်ပြီးသော် “ဟယ်...လက်ဝဲလက်ယာအမတ်တို့၊ ယောက်ျားတစ်ယောက်သည်ဦးဗောင်းကျားထုပ်နှင့်မြင်းကျားစီး၍ တူရွင်းတောင်ခြေရင်း၌ နေဝင်လျှင်အနိုင့်အထက်လုစားသည်ဆိုသည်ကို နင်တို့မကြားကုန်လော၊ နင်တို့လေးယောက်ရအောင်ဖမ်းလေချေ။ မရသော် နင်တို့ကိုမျက်အံ့” ဟုမိန့်တော်မူသည်။ထိုသတင်းသည် အမတ်ကြီးများကိုကျော်ပြီးမင်းကြီးရွှေနားတော်အရောက်ပေါက်သည့်သတင်းဖြစ်ရာ အမတ်တို့အတွက်တော့ထူးခြားသတင်းအဖြစ်ဆင်ခြင်ရာဖြစ်သည်။
ဦးဗောင်းကျားထုပ်နှင့်မြင်းကျားရှင်ကိုဖမ်းခိုင်းသူတို့မှာလည်း ရယ်ခိုးဖွဲ့သောအမတ်ကြီးလေးပါးကိုသာခိုင်းသည်။ တပ်တော်နှင့်မဖမ်းခိုင်း၊မည်သူ့ကိုမျှလည်းမဖမ်းခိုင်း၊ နင်တို့ကိုယ်တိုင်ဖမ်းရမည်ဟု အမိန့်ထုတ်သည်။ခေတ်စကားနှင့်ပြောရလျှင် ကန့်သတ်ချက်များပါလာသည်။ အလွန်သတိထားရသည်။ရည်ရွယ်ချက်အမှန်ကိုသိမှ ထိုပြဿနာကိုတစ်ချက်တည်းရှင်းနိုင်မည်။
အမတ်ကြီးလေးယောက်တို့လည်း မြင်းတင်းကုပ်တွင် မြင်းကောင်းလေးစီးကိုယူပြီးသော် ရအောင်ဖမ်းမည်ဟူ၍ အားသန်လျက်သွားလေသည်။
နောက်မိုးသောက်၍ညီလာခံတွင် ထိုအမတ်ကြီးလေးယောက်တို့ကိုခေါ်တော်မူ၍“ဟယ်...အမတ်တို့၊ မြင်းကျားစီးသောခိုးသူကို နင်တို့တွေ့၏လော”ဟုမေးတော်မူသည်။ ဤတွင် အမတ်များ၏ဆင်ခြင်တုံတရားပါသည့်အဖြေသည်အရေးပါလာပါတော့သည်။
အမတ်များလျှောက်တင်မှုတွင် “ရွှေဖဝါးတော်အောက်ရှိခိုးနားတော်လျှောက်ဝံ့သောဘုရား မြင်းကျားစီးသောလူဖြစ်ဆန်းကာမဟုတ်၊နတ်ဘီလူးဖြစ်ရာသည်၊ လူဖြစ်သော်လည်း လူမည်ကာမဟုတ်၊ ရင့်ပြီးသော၊ကြီးမြတ်သော ဘုန်းတန်ခိုးရှင်ဖြစ်ရာသည်။ကျွန်တော်တို့မြင်းလေးစီးကိုထားဘိ၍နိုင်ငံတော်ဝယ်ရှိသောမြင်းသည်အပေါင်းတို့ ဝန်းရံဆီးဆို့၍ဖမ်းငြားသော်လည်းမရနိုင်ရာ” ဟူ၍ နားတော်လျှောက်ကြကုန်သည်။
ဆင်ခြင်တုံတရားရှိမရှိကို စမ်းသပ်သည့်မေးခွန်းကလည်း ပညာသားပါလှသည်။မင်းကြီးက သူခိုးကိုမိပြီလားဟုမေးလိုက်သည်။ သူခိုးဟုမိမိကိုယ်မိမိနှိမ့်ချပြောဆိုလိုက်သည်။ ဆင်ခြင်တုံတရားမရှိသူအနေဖြင့်ကိုယ်လည်းမိအောင် မဖမ်းနိုင်၊ မိမိထက်သာ၍လွတ်သွားသူကိုလည်းနှိမ်နှိမ်ချချလုပ်ချင်၊ မိမိကိုယ်မိမိလည်း ကိုယ်ရည်သွေးတတ်ကြလျှင်ဖြင့်“အတော်လည်သောသူခိုးအမျိုးယုတ်ဖြစ်ပါသည်။ ကျွန်တော်မျိုးတို့လိုစွမ်းစွမ်းတမံ၊ ရဲရဲဝံ့ဝံ့စစ်သူကြီးများကိုပင် ကလိမ်ကကျစ်လုပ်၍မလိမ့်တစ်ပတ်နှင့်လွတ်အောင်လုပ်သွားပါသည်ဘုရား” ဟုသာ ကိုယ်ရည်သွေးဖြေမိပါကအမတ်၏မဆင်မခြင်စကားအတွက် မင်းကြီးကိုယ်ချင်းစာနိုင်မည်မဟုတ်ပါ။ ဘဝအဆက်ဆက်ကွပ်မျက်သင့်သောအမတ်များဖြစ်သွားနိုင်ပါသည်။ သို့သော်လည်းမင်းကြီးနှင့်အမတ်ကြီးများသည် ထိုသို့မဟုတ်ခဲ့ပါ။ အမတ်ကြီးများသည်လွတ်သွားသောဦးဗောင်းကျားထုပ်ရှင်ကိုပင် ဘုန်းတန်ခိုးရှင်၊ကြီးမြတ်သောနတ်ဘီလူးနှင့်နှိုင်းခဲ့သည်။ သာမန်စဉ်းစားမည်ဆိုပါကမင်းကြီးဖမ်းခိုင်း၍လွတ်သွားသူကိုပင်လျှင် ဤမျှပင့်မြှောက်ပြောစရာမလိုပါ။မိလည်းမမိသေး၊ လွတ်သွားသူကိုပင်လျှင် ကြီးမြတ်သည်ဟုလည်းမြှင့်ပြောသောအမတ်အနေဖြင့် မင်းကြီးအာဏာစက်အောက် အသက်ပျောက်နိုင်ပါသည်။သို့သော်လည်း အသက်မပျောက်ပါ။ ဆင်ခြင်တုံတရားဖြင့် ပြဿနာအဖြေကိုသိထားသောကြောင့်ဖြစ်ပါသည်။ ဆင်ခြင်တုံတရားရှိသူအမတ်များအနေဖြင့်ဤစကားသည်သာ အကောင်းဆုံးစကားဖြစ်သည်။ ထို့ကြောင့်လည်း မင်းကြီး၏အမေးတွင်အတွေ့အကြုံအရ ပညာသားကြွယ်ဝသောအမေးဖြစ်ခဲ့သလိုအမတ်ကြီးများ၏လျှောက်တင်ချက်သည်လည်း အလွန်ပညားသားပါပြီးဆင်ခြင်တုံတရားအပြည့်ရှိသောအဖြေများဖြစ်ပါသည်။
ဦးဗောင်းကျားထုပ်ပြဿနာသည် တော်ရုံပြဿနာမဟုတ်။လူကြီးကိုအထင်သေးသောပြဿနာဖြစ်သည်။ အမတ်ကြီးများသည်မင်းကြီးလက်ပျဉ်းတော်ကျသည်ကို တွေ့မြင်မိသဖြင့်မိမိတို့ရယ်ခိုးမိသောကြောင့် ဖြစ်ရသည့်ပြဿနာဆိုသည်ကိုလည်းရိပ်မိကြသည်။သို့သော်လည်း မင်းကြီး၏စာနာတတ်မှု၊ ခွင့်လွှတ်တတ်မှုနှင့်အမတ်ကြီးတို့ကလည်း ဆင်ခြင်မိခဲ့ကြခြင်းကြောင့်သာဤပြဿနာကိုရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။
“နင်တို့လေးယောက်ရအောင်ဖမ်းချေလေ၊ မရသော် နင်တို့ကိုမျက်အံ့” ဟူသောစကားအရ သေမှာကြောက်ပြီးဦးဗောင်းကျားထုပ်ရှင်အား မရရအောင်ဖမ်းမည်ဆိုပါကပို၍ပင်ပြဿနာကြီးကျယ်သွားနိုင်ပါသည်။ ဦးဗောင်းကျားထုပ်ရှင်ကိုမိလျှင်ကောင်းကျိုးထက်ဆိုးကျိုးပိုဖြစ်နိုင်သည်။ “ဖမ်းမမိလျှင် ကွပ်မျက်ခံရမည်”ဆိုသောအမိန့်တော်ကလည်း တစ်ဖက်တွင်ရှိနေသော်လည်းဖမ်းမိမှကွပ်မျက်ခံရမည့်ကိန်းကပိုများနေပါသည်။ ပြဿနာသိနေမှတော့ဆင်ခြင်တတ်လျှင် မဖမ်းနိုင်သည်ဖြစ်စေ၊ ဖမ်းနိုင်သည်ဖြစ်စေမဖမ်းနိုင်ခြင်းသည် အကောင်းဆုံးဆုံးဖြတ်ချက် ဖြစ်သည်။ သို့သော်လည်းမဖမ်းနိုင်ခြင်းအတွက် ဆင်ဆင်ခြင်ခြင်လျှောက်တင်တတ်ဖို့တော့ အရေးကြီးသည်။ပညာသားပါဖို့တော့လိုပါသည်။
ပြဿနာတစ်ခုတွင်ပြဿနာ၌ပါဝင်သည့်အကြောင်းအရာများထက် ထိုပြဿနာ၏ရည်ရွယ်ချက်သည်လည်းအရေးကြီးပါသည်။ ပါဝင်သောအကြောင်းတရားများပေါ်မူတည်ပြီးထိုပြဿနာ၏ရည်ရွယ်ချက်ကို ဖြည့်ဆည်းလိုက်နိုင်မည်ဆိုပါကကိစ္စပြီးမြောက်နိုင်ပါသည်။ ဗောင်းတော် ညိတ်လျှင် စိတ်တော်သိဆိုသောစကားသည်အတော်အဆင့်မြင့်သောစကားဖြစ်သည်။ခေါင်းတော်ညိတ်သဘောမျိုးနှင့်တော့မဆိုင်ပါ။
နောက်ဆုံးတော့မင်းကြီးလည်း “ဟယ် အမတ်တို့၊ နင်တို့ ငါ့ကိုအိုပြီဟူ၍မှတ်ကြသည်။ငါမအိုသေး” ဟုမိန့်တော်မူ၏။ မိအောင်မဖမ်းနိုင်ခဲ့ခြင်းကြောင့်သာဤကဲ့သို့သောမိန့်တော်မူလောက်နှင့် ရပ်သွားခြင်းဖြစ်သည်။အမတ်တို့သေမှာကြောက်ပြီး မမိမိအောင်သာ အမိန့်အတိုင်းလိုက်ဖမ်းနေပါကသေချာပေါက်ရွာလည်မည့်ပြဿနာဖြစ်ကိန်းဖြစ်မည်။ ဤအကြောင်းအရာတွင်ဆင်ခြင်တုံတရားသည်သာ အသက်ဖြစ်သည်။
မြန်မာ့ရာဇဝင်တွင်အလားတူမှတ်သားစရာအချို့လည်းရှိပါသည်။ အခါတစ်ပါး၌ ရဟန်းတစ်ပါးသည်မင်းကြီးနံနက်စာပွဲတော်တည်မည့်ပွဲတော်အုပ်ကို ဆွမ်းအလို့ငှာမင်းကြီးထံမှအလှူခံပါသည်။ မင်းကြီးသည်လည်း ထူးခြားသောအလှူခံခြင်းဖြစ်၍ဝမ်းမြောက်ဝမ်းသာနှလုံးမွေ့လျော် အလှူဒါနပြုတော်မူလိုက်ပါသည်။
မင်းကြီးခံစားမိသည်မှာ ရဟန်းသည် သာမန်ရဟန်းတော့မဟုတ်တန်ရာ၊ရဟန်းမည်ကာမဟုတ်၊ ကြီးမြတ်သော မထေရ်တစ်ပါးပါးသာလျှင်ဖြစ်နိုင်စရာအကြောင်းရှိ၍ဟု နှလုံးမွေ့လျော်ပျော်ပိုက်သည့်နည်းတူအမတ်ကြီးတစ်ဦးကိုလည်း ထိုရဟန်းနောက်မှ နောက်ယောင်ခံပြီးလိုက်စေသည်။မင်းကြီးလိုက်စေလိုသည့်အကြောင်းတရားကလည်း မယုံသင်္ကာ၍မဟုတ်ပီတိစေတသိက်ကြည်နူးစိတ်ဖြင့်သာ လိုက်ကြည့်ခိုင်းခြင်းဖြစ်သည်။
အမတ်ကြီးသည် အမိန့်အတိုင်းလိုက်ကြည့်ရာ တောစပ်အရောက်တွင် ထိုရဟန်းမှာရဟန်းအရေခွာပြီး အရပ်သားအသွင်ဖြင့် ဘုရင့်ပွဲတော်ကိုအားပါးတရစားသောက်နေသည်ကို အမတ်ကြီးတွေ့ရှိခဲ့ရပါတော့သည်။
နန်းတော်ပြန်ရောက်၍ မင်းကြီးမေးသမျှပြန်လည်လျှောက်တင်ရာမှာတော့“ဘုန်းတော်ကြီးလှပါသော ရွှေနန်းရှင်မင်းကြီးဘုရား၊ ထိုအလှူခံရဟန်းသည်တောစပ်အရောက်တွင် ရဟန်းအသွင်မှကွယ်ပျောက်သွားသည်ကို တွေ့မြင်ခဲ့ရကြောင်းလျှောက်တင်အပ်ပါသည်ဘုရား” ဟူ၍သာ ရွှေနားတော်သွင်းလိုက်သည်။ယင်းဖြေကြားမှုသည် ဆင်ခြင်တုံတရားနှင့် အလွန်ပြည့်ဝလှသည့်ဖြေကြားမှုဖြစ်သည်။လူလည်းချမ်းသာ၊ နတ်လည်းသာဓုခေါ်နိုင်သည့် ပညာရှိစကားဖြစ်သည်။ အမှန်ကိုအမှန်အတိုင်းမတင်လျှောက်ဟူသော အတွေးတော့ရှိနိုင်ပါသည်။ အမှန်အားဖြင့်ဆင်ခြင်တုံတရားဖြင့်သာ အမှန်ကိုအမှန်အတိုင်းတင်လျှောက်လိုက်ခြင်းသာဖြစ်သည်။
မင်းကြီးသည်လှူဒါန်းလိုစိတ်ရှိသည်။ မေတ္တာထားတတ်သည်။စေတနာပီတိဖြင့်လှူလိုက်သောပစ္စည်းဖြစ်သည်။ ဘုရင့်ပွဲတော်အုပ်ဆိုသည်မှာသာမန်လူအတွက်တော့ စားပိုင်ခွင့်မရှိသောနတ်သုဒ္ဓာဆိုသော်လည်းမင်းကြီးစေတနာသည် မိမိစားမည့်ပွဲတော်အုပ်ကိုပင်လှူလိုက်သောရက်ရောမှုသဒ္ဓါစိတ်ကား သာဓုခေါ်စရာဖြစ်သည်။ထိုကြည်နူးမှုများများရှိလေ အေးချမ်းမှုများများရလေဖြစ်ပါမည်။
အမတ်ကြီးအနေဖြင့် မင်းကြီး၏ကြည်နူးမှုကိုမျက်ကွယ်ပြုပြီး အလိုက်ကန်းဆိုးမသိ“ဒီသူဖုန်းစားလူလိမ်၊ လူကွယ်ရာတောစပ်အရောက်တွင် သင်္ကန်းကိုချွတ်ပြီးမင်းကြီး၏ပွဲတော်ကို မတန်မရာလွေးနေကြောင်းတွေ့ရှိရပါသည်။ ယင်းငမိုက်သားကိုကျွန်တော်မျိုးကြိုးတုပ်၊ အချုပ်၌ထည့်ထားကြောင်းပါဘုရား” ဟုသာ မဆင်မခြင်မြင်သည့်အတိုင်း သံတော်ဦးတင်လိုက်မိမည်ဆိုပါက မင်းကြီးလည်းထိုအမတ်လျှောက်ထားမှုကြောင့် ကုသိုလ်မှ အကုသိုလ်ပွားရတော့မည်ဖြစ်သည်။မင်းကြီးအကုသိုလ်ပွားလျှင် ရဟန်းဝတ်၊ အရပ်သားသူဖုန်းစားလည်းမင်းကြီး၏အာဏာစက်အောက်တွင် အသက်ပျောက်ဖွယ်ရာဖြစ်တော့မည်။ ကြည်နူးစရာမှမကြည်နူးစရာအမြင်တွေဖြစ်လာနိုင်သည်။ စေတနာကောင်းလွန်းသောမင်းကြီးကိုဝေဒနာပေးလိုက်ခြင်းသာဖြစ်မည်။ အမျက်တွင် ရှက်သည့်စိတ်ဝင်လာနိုင်သည်။ရှက်ရမ်းရမ်းလျှင် နာသင့်သူ ပိုနာတတ်သည့်အခြေအနေရောက်သွားနိုင်သည်။
အလွန်လေးစားစရာကောင်းသည့် ဆင်ခြင်တုံတရားရှိသော ပညာ ရှိအမတ်ကြီးကြောင့်သာမင်းကြီးလည်း စိတ်ချမ်းသာမှု၊ ပီတိများဖြစ်စေခဲ့ခြင်းဖြစ်သည်။
အရပ်သားသူဖုန်းစားအနေဖြင့်လည်း အပြစ်မဆိုသာ၊ မင်းကြီးပွဲတော်မတန်မရာကိုမှချင်ခြင်းတမိသည့်ဒုက္ခကား မသေးသောဒုက္ခဖြစ်သည်။ မိမိအသက်ကိုမိမိပြန်ရန်ရှာနိုင်သောဒုက္ခမျိုးဖြစ်သည်။ သို့သော်လည်း ချင်ခြင်းကားချင်ခြင်းဖြစ်သည်။ မရတာကိုမှ ပိုလိုချင်ြဲကသည်။ မရရအောင်လည်းလုပ်တတ်ကြသည်။ သဘာဝလည်းကျသည်။ If there is a will, and there is a wayဆိုသောစကားလည်းရှိသည်မဟုတ်လား။ အရပ်သားအနေဖြင့်ပွဲတော်အုပ်တစ်နပ်စားရဖို့အတွက် သျှောင်တစ်လုံးလည်း အဆုံးခံချင်ခံမည်၊နဂိုကတည်းကဆံပင်မပေါက်သော သဘာဝခေါင်းတုံးလည်းဖြစ်ချင်ဖြစ်မည်။အမတ်ကြီးလည်းမသိ၊ မင်းကြီးလည်းမသိ၊ ကာယကံရှင်သာသိမည်ဖြစ်သည်။ရဟန်းဝတ်လျှင်လည်း ဝတ်မည်၊ ရဟန်းအရေခြုံလျှင်လည်း ခြုံမည်၊ကာယကံရှင်မှလွဲ၍ မည်သူသိမည်နည်း။
မင်းကြီး၏ပွဲတော်အုပ်ရသည်နှင့်တစ်ပြိုင်နက် သင်္ကန်းကိုခွာ၊မင်းကြီးလှူလိုက်သောပွဲတော်ကို အားပါးတရလွေးလိုက်သည့်အဖြစ်ကလည်းအပြစ်မဆိုသာ။ တောင့်တတာရပြီ၊ သင်္ကန်းကိုခွာလိုက်သည်ကိုပင်ကျေးဇူးတင်ရမလိုဖြစ်သည်။ သာသနာကြောင့်ရသည့်ပွဲတော်အုပ်၊ယင်းပွဲတော်အုပ်သုံးဆောင်နေစဉ် သူ့ကိုယ်၌မြင့်မြတ်သည့်သင်္ကန်းကပ်မထားလိုခြင်းကလည်း ကြံဖန်မေတ္တာထားမည်ဆိုကချမ်းမြေ့စရာတွေသာဖြစ်သည်။ ကုသိုလ်၊ အကုသိုလ်ဆိုသည်မှာယူတတ်သူနှင့်သာဆိုင်သည်။ အကုသိုလ်အနေနှင့်ပေးသည့်တိုင် ယူတတ်လျှင်ကိုယ့်အတွက်ကုသိုလ်ဖြစ်တတ်သည်။ ပွဲတော်အုပ်တစ်ပွဲရရေးအတွက် ရင်းထားရသည့်သူဖုန်းစားအသက်လည်းပါသည်။ ဒါကိုလည်းစဉ်းစားဆင်ခြင်တတ်သည့်အမတ်ကြီးဖြစ်ပါသည်။
တကယ်တော့ ဒီပြဿနာမှာအမတ်ကြီး၏လျှောက်ထားမှုပညာသားနှင့် ဆင်ခြင်တုံတရားပါရန်သာလိုတော့သည်။သို့မဟုတ်ပါက မင်းကြီးလည်း စေတနာမဖြစ်၊ ဝေဒနာဖြစ်၊ သူဖုန်းစားလည်းပွဲတော်နှင့်အသက်ရင်းနှီးချက်က မသက်သာလှ။ ယင်းတို့သည်ဖြစ်လာမည့်အကြောင်းနှင့်အကျိုး (Cause and Effect) များသာဖြစ်သည်။ယင်းထက်ပိုဆိုးသည်ကား နောက်မှာဆက်ဖြစ် လာမည့် နောက်ဆက်တွဲဖြစ်ရပ်များ(Consequences)ကား ပိုဆိုး သည်။ ဆင်ခြင်တုံတရားရှိသည်နှင့် အမျှနောက်ဆက်တွဲအကျိုးကား ပိုကောင်းတတ်ပြီး ဆင်ခြင်တုံတရားနည်းသည်နှင့်အမျှနောက်ဆက်တွဲအကျိုးကား တစ်လှေကြီးဖြစ်သည်။ တစ်ခါတစ်ရံလူအများနောက်ပြောင်ပြောသော စကားတစ်ခွန်းရှိသည်။အကုသိုလ်သည်တစ်ယောက်တည်းမလာ၊ ဆွေလိုက်မျိုးလိုက် လာတတ်သည်ဟုပြောတတ်သည်။ယင်းယုတ္တိဗေဒမှန်ကန်ခဲ့လျှင် ကုသိုလ်ဆိုသည်မှာလည်း တစ်ယောက်တည်းမလာ၊ဆွေလိုက်မျိုးလိုက်လာမည်ဖြစ်သည်။ ယင်းဆွေလိုက်မျိုးလိုက်လာတတ်သောအကုသိုလ်၊ ကုသိုလ်များသည် ဆင်ခြင်တုံတရားနှင့်သာဆိုင်ပါသည်။
ပွဲတော်အုပ်အကြောင်းတရားကိုပြန်ကြည့်မည်ဆိုပါက အမတ်ကြီးလျှောက်တင်ချက်သည်အသင့်တော်ဆုံးအခြေအနေကိုဖြစ်စေပါသည်။ ရဟန်းအသွင်မှကွယ်ပျောက်သွားပါသည်ဘုရားဟူသောစကားသည် အသင့်တော်ဆုံးသာဖြစ်သည်။ အကယ်၍များခရေစေ့တွင်းကျ ဆင်ခြင်တုံတရားမရှိ၊ တွေ့သမျှ၊ မြင်သမျှ၊ မျက်လုံးအမြင်ဉာဏ်မယှဉ်ဘဲ လျှောက်တင်ကြစတမ်းဆိုလျှင် မင်းကြီးလည်းစိတ်ဆိုး၊သူဖုန်းစားကိုကားတိုင်တင်၊ ဒါတွေဟာ Cause and Effect ပါပဲ။ ဒီ Cause andEffect ရပ်သွားလျှင်တော်ပါရဲ့။ နောက်ဆက်တွဲ Consequences ဆိုတာတွေလိုက်လာဦးမည်ဖြစ်သည်။ Cause and Effect နှင့်သာမရပ်သေးပါ။ယင်းအမတ်ကြီးများပေါ့ဆမှုကြောင့်သာ မင်းကြီးရှေ့တော်အရောက်ပွဲတော်တည်ချိန်အမီ ရဟန်းဝတ်ပုဂ္ဂိုလ်ရောက်နိုင်ခြင်းသာဖြစ်သည်။သူများကိုအပြစ်ပြောရမည်ဆိုလျှင် အမတ်ကြီးမှာလည်းအပြစ်ရှိမည်ဖြစ်သည်။အကြောင်းမလှလျှင် ကြံရာပါပင်ဖြစ်သွားနိုင်သည်။သူများအပြစ်ကိုသာမြင်တတ်ပြီး ကိုယ့်လည်းပြန်ပတ်နိုင်သောအမှုဖြစ်သည်။သူများမျက်ချေးကိုသာမြင်ပြီး ကိုယ့်မျက်လုံးထဲတွင်ငြောင့်ဝင်နေသည်ကိုမသိသည့်အဖြစ်မျိုးနှင့်လည်းတူသွားတတ်ပါသည်။ မင်းကြီးသည်မစဉ်းစားမဟုတ်၊ယင်းကိစ္စကိုစဉ်းစားမည်ဖြစ်သည်။ နောက်အတိုင်းတိုင်းအပြည်ပြည်ကြားလို့မလျော်၊ အပြင်တွင်မကြားသင့်သောအတွင်းစကားကိုပညာရှိဆင်ခြင်တတ်သောအမတ်ကြီးသည် အတွင်းအကျဆုံးဖြစ်သော သူ့ရင်တွင်း၊နှလုံးအတွင်း၌သာ သိမ်းဆည်းထားလိုက်သည်။ အလွန်ချစ်စရာကောင်းသောလေးစားထိုက်သည့်အမတ်ကြီးဖြစ်သည်။
သို့သော်လည်း နောင်တစ်ကြိမ်တော့ယင်းသူဖုန်းစားရဟန်းဝတ် ဒီအလစ်မျိုးတော့ချိုးမရတော့ပါ။အမတ်ကြီးသိသွားပြီဖြစ်သည်။ အသိကိုအသိမှာထားပြီး သတိနှင့်ယှဉ်သောဆင်ခြင်တုံတရားလည်းဖြစ်သွားသည်။ ထို့အပြင် ဆင်ခြင်တုံတရားတွင်မေတ္တာတရားလေးစွက်ဖက်နိုင်ပါကပိုကောင်းပါသည်။
ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)

မေတ္တာ၏အကျိုးကျေးဇူးများ
စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ
မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို
စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး
သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ
ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

ဗုဒ္ဓဘာသာ(၅)မျိုး၊
ကျွန်တော်တို့တွေသည် ဘာသာတရားအရပြောရရင် ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါတယ်။ကျွန်တော်တို့ဘုရားသည် သစ္စာလေးပါးကိုကိုယ်ပိုင် ဉာဏ်ဖြင့်သိမြင်ကာသဗ္ဗညုတဉာဏ်တော်ကို ရရှိခဲ့ပါတယ်။ ဘုရားရှင်က မိမိကိုယ် တိုင်သိမြင်တော်မူသကဲ့သို့ သတ္တ၀ါတို့ကိုလည်း သိတော်မူစေရန် (၄၅)၀ါ ကာလပတ်လုံး တရားတော်များဟောကြားတော်မူခဲ့ပါတယ်။ ဘုရားရှင်ဟောကြားခဲ့သောသစ္စာတရားတော်များအတိုင်း နားထောင်နိုင်ပြီ၊ လေးစားနိုင်ပြီ၊သိရမယ့်သစ္စာကို သိအောင်ကြိုးစားတယ်(ဒုက္ခသစ္စာ)၊ ပွားရမယ့်သစ္စာကိုရအောင်ပွားများတယ်(မဂ္ဂသစ္စာ)၊ ပယ်ရမယ့်သစ္စာကို ပယ်ပြီးတော့(သမုဒယသစ္စာ)၊မျက်မှောက်ပြုရ မယ့်သစ္စာကို မျက်မှောက်ပြုနိုင် အောင်(နိရောဓသစ္စာ)ကြိုးစားအားထုတ်ကြရင် ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ပါလိမ့်မည်။ ဘုရားရှင်ရဲ့ ၀ါဒသည် ၀ိဘဇ္ဇ၀ါဒ ဖြစ်ပါတယ်။ မြန်မာလိုပြောရရင် ကိုယ်ပိုင်ဉာဏ်သုံးကာဝေဖန်ပိုင်းခြားသော ၀ါဒဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ငါးမျိုးရှိပါ တယ်။
(၁) ကုလဗုဒ္ဓဘာသာ (မိရိုးဖလာကိုးကွယ်သော ဗုဒ္ဓဘာသာ)၊
(၂) လာဘဗုဒ္ဓဘာသာ (လာဘ်လာဘကို လိုချင်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊
(၃) ဘယဗုဒ္ဓဘာသာ (ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊
ဤသုံးမျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။
(၄) သဒ္ဓါဓိကဗုဒ္ဓဘာသာ (သဒ္ဓါတရားကိုအရင်းခံ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊
၎င်းကို အလတ်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။
(၅) ပညာဓိကဗုဒ္ဓဘာသာ (ပညာဉာဏ်နှင့်ယှဉ်၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊
၎င်းကို အထက်တန်းစားဗုဒ္ဓဘာသာ ဟုခေါ်ဆိုပါသည်။

ဘဝ
ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။
ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။
ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။
ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
ရယ်တာတော့ အတော်နည်းသွားပြီ။
ကားမောင်းတာ အတော်မြန်လာကြတယ်။
ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
စာဖတ်တာ အတော်လေးနည်းတယ်။
ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။
ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။ လိမ်တာညာတာတော့ မကြာခဏပဲ။
ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး
ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို အသုံးမချနိုင်ဘူး။
ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့် စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ သေးသိမ်လာတယ်။
ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့ အတော်နည်းတယ်။
ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။
ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို မပိုင်နိုင်ဘူး။
ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အာဂါတ တရားကို မဟုတ်ဘူး။
ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။ စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။
ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့ မပါဘူး။
ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့ စိတ်ဓါတ်တွေနဲ့။ ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့ ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။
ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။
ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး နည်းနည်းနဲ့။
အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ
အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။
ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့ နေ့ထူးနေ့မြတ်တွေပါပဲ။
အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။
သင့်အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့ မြင်ကွင်းကို ခံစားကြည့်ပါ။
သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။
ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ သက်သက်မဟုတ်ပါဘူး။
သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။
နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ
သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို ဖယ်ရှားလိုက်ပါ။ ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့ ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။
သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀အမောပြေစေမယ့် အရာတွေအားလုံးကို နောက်မကျပါစေနဲ့။
နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။

Subscribe to:
Posts (Atom)